Monday, October 12, 2009

သမ္မတဟောင်း၊ ဒေါက်တာမောင်မောင်အိမ်၊ ဓါးပြတိုက်ခံရ။

ရန်ကုန်မြို့၊ မလိခလမ်း (အေဒီလမ်း)ရှိ၊ နိုင်ငံတော် သမ္မတဟောင်း၊ ဒေါက်တာမောင်မောင် (ကွယ်လွန်)၏၊ နေအိမ်မှာ၊ လွန်ခဲ့တဲ့(၆)ရက်ခန့်က၊ ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ မျက်နှာတဝက်ကို အဝတ်မဲဖြင့်၊ ဖုံးအုပ် ပြီးရုပ်ဖျက်ထားတဲ့၊ ဓါးပြ(၂)ဦးက၊ ကွယ်လွန်သူ ဒေါက်တာမောင်မောင်ရဲ့ဇနီးဖြစ်သူ
၊ ဒေါ်ခင်မြင့်ထံမှတိုက် ရောင်းထားသောငွေနဲ့၊ လက်ဝတ်ရတနာများကို၊ ဓါးပြတိုက်တာလို့ သိရပါတယ်။

ဒေါ်သန်းမြင့်ဟာ၊ ထမင်းစားခန်းထဲမှာ၊ ကော်ဖီဖျော်သောက်နေစဉ်၊ အသံကြားလို့ လှည့်ကြည့်လိုက်ရာ၊ မျက်နှာဖုံးအုပ်ထားတဲ့ လူနှစ်ဦးကို၊ ရုတ်တရက် တွေ့လိုက်ရတာကြောင့်၊ လန့်ဖြန့်ပြီး လက်ထဲတွင် ကိုင်ထားတဲ့၊ ကော်ဖီခွက် လွတ်ကျကွဲသွားပါတယ်။ ပန်းကန် ကျကွဲသံကို ကြားလိုက်ရတဲ့၊ ခြံဝန်းတခုထဲတွင်၊ သီးခြားအိမ် ဆောက်နေထိုင်တဲ့၊ သမီးဖြစ်သူနဲ့မိသားစုက၊ မိခင်ဖြစ်သူအား လှမ်းမေးခဲ့ပေမဲ့၊ ဒေါ်သန်းမြင့်က၊ အခြေအနေ အရပြန်လည် ဖြေကြားခြင်း မလုပ်နိုင်ခဲ့ပါဘူး။ ဒီလို ကျကွဲသံ မကြာခဏ ကြားနေကြဖြစ်လို့၊ သမီးကလည်း၊ ထပ်မမေးဖြစ်တော့ပါဘူး။ ဒါပေမဲ့ အချိန်ဘယ်လောက်မှ မကြာသေးခင်၊ ခလေးတယောက် အော်သံကြား တော့မှ၊ အမေ့အိမ်ဘက်မှာ၊ တခုခုတော့ ဖြစ်နေပြီဆိုပြီး၊ အမေအိမ့်ဘက် အပြေးအလွှား သွားခဲ့ကြပါတယ်။

လူတွေ အော်ဟစ် ပြေးလွှားလာသံတွေကြားတော့၊ ဓါးပြနှစ်ဦးလည်း ဘာမှ ယူချိန်မရလိုက်ဘဲ၊ ကိုယ်လွတ်ရုံး ထွက်ပြေးကြပါတယ်။ အဲဒီအချိန်မှာ၊ မိသားစုတွေက၊ ဧည့်ခန်းကြမ်းပြင်မှာ၊ ပါးစပ်ကို အဝတ်စည်းထားပြီး၊ လက်နဲ့ခြေတွေကို၊ ကြိုးနဲ့တုတ်ခါ၊ ကြမ်းပြင်မှာ ဝမ်းလျားမှောက် ပုံစံဖြစ်နေတဲ့၊ မိခင်ဖြစ်သူအတွက် စိုးရိမ်ပြီး၊ မိခင်ကို အာရုံစိုက်နေရတာကြောင့်၊ ဓါးပြတွေနောက် ဘယ်သူမှ မလိုက်နိုင်ခဲ့ကြပါဘူး။

ယခုအခါမှာတော့၊ မိခင်ဒေါ်သန်းမြင့်ကို၊ အာရှတော်ဝင်ဆေးရုံမှာ၊ ထိတ်လန့်မှုကြောင့် ဖြစ်ပေါ်လာတဲ့၊ နှလုံးရောဂါကို၊ ကုသရန်၊ ဆေးရုံ တင်ထားကြောင်း သိရှိရပါတယ်။

အေဒီလမ်းလို နေရာမှာ၊ အခုလို ဓါးပြတိုက်ခံရတာဟာ၊ အတော်ထူးဆန်းတဲ့၊ ကိစ္စတခု ဖြစ်နေပါတယ်။ လမ်ထိပ်မှာ၊ ဒီကနေ့ထိ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့သမီး ဒေါ်စန္ဒာဝင်းအတွက်၊ လုံခြုံရေး တာဝန်ထမ်း ဆောင်နေတဲ့၊ စစ်သားတွေရှိလို့ပါ။ ( ပါတ်ဝန်းကျင် တဝိုက်ကတော့၊ ဒီစစ်တပ်စုကို သံသယဖြစ်နေကြပါတယ် စစ်သားတွေ ငတ်ပြတ်လာလို့ ဒီလိုလုပ်ကြတာလားပေါ့။)

ရန်ကုန်မြို့ရဲ့လုံခြုံရေး စနစ်ကြီး ပျက်စီးနေတာကြာပါဘီ။ လူသတ်မှု၊ ဓါးပြမှု တော်တော်များများဟာ၊ အမှုမှန် ဖေါ်ထုတ် မရဘဲရှိနေခဲ့ပါတယ်။ စိမ်းလဲ့ကန်သာ ၅ လောင်းပြိုင် လူသတ်မှုလည်း၊ ခုချိန်ထိမပေါ်သေးပါ။ ဒီအမှုကို မရ၊ရအောင် ဖေါ်မယ်လို့ကြွေးကြော်ခဲ့တဲ့၊ ရန်ကုန်တိုင်းရဲမှူးကြီး ဝင်းနိုင်ကိုယ်တိုင်၊ တရားခံပြေး ဘဝ ရောက်ရှိနေရပါတယ်။ “ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတာ၊ ငါးလောင်းပြိုင်သတ်တဲ့သူကို ဆိုလိုတာလား၊ ဒါမှမဟုတ်၊ မိအောင်ဖမ်းမယ်ဆိုတဲ့၊ ရဲမှူးကြီး ဝင်းနိုင်ကိုဆိုလိုတာလား” လို့မေးရမလိုဖြစ်နေပါပြီ။

တရားဥပဒေ စိုးမိုးမှုဆိုတာလည်း၊ ရန်ကုန်မြို့မှာ၊ မရှိတော့တာ ကြာပါပြီ။ ဥပမာလေးတခု၊ နှစ်ခုလောက်တင် ပြပါရစေ။

(၁) ရန်ကုန်မြို့ရဲ့ အထင်ကရ၊ ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်းဝင်းထဲမှာ၊ မူးယစ်ဆေးဝါး လွတ်လပ်စွာ ဝယ်ယူရနိုင်ပါတယ်။ ဖမ်းဆီးမဲ့သူမရှိပါ။

(၂) ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့မြေး၊ ဖိုးလပြည့် (ခ) နေရွှေသွေးအောင်နဲ့ အပေါင်းအသင်းများ၊ ညဖက်ကား ပြိုင်မောင်းလို့၊ တိုက်မိသွားတဲ့၊ ပြည်သူလူထုတွေရဲ့ကားတွေ၊ သေဆုံး ဒဏ်ရာရသူတွေအနေနဲ့ ဘယ်နေရာသွား၊ ဘယ်သူ့ကို တိုင်ရမှန်းမသိ၊ ငုတ်တုတ်ထိုင်ကြည့်ရုံက လွဲလို့၊ ဘာမှမတတ်နိုင်ကြတဲ့ အဖြစ်ပါ။

(၃) သမီးတော်တွေ ခရီးထွက်လို့၊ လမ်းမှာမျက်စိကျလို့၊ အလကားဝင်ယူသွားတဲ့၊ ရတနာ၊ စိန်ကျောက်အပါအဝင်၊ တန်ဘိုးကြီး ပစ္စည်းပိုင်ရှင်တွေကလည်း၊ ပါးစပ် အဟောင်းသားနဲ့၊ မျက်ရည် ကျနေရုံကလွဲလို့၊ ဘယ်သူ့ ကိုမှ မတိုင်ရဲပါ။

အဲဒီ့လို စစ်အာဏာရှင်ကြီး၊ ဗိုလ်သန်းရွှေ အတင်းအဓ္ဓမ အုပ်ချုပ်နေတဲ့၊ မြန်မာနိုင်ငံရ န်ကုန်မြို့ဟာ၊ လုံခြုံမှုမရှိ တရားဥပဒေ မရှိနဲ့၊ ပုံစံအမျိုးမျိုးနဲ့၊ ပြည်သူပြည်သားတွေ၊ ဓါးပြတိုက်ခံနေကြရတာ ကြာပါပြီ။ စစ်ဝါဒ လွှမ်းမိုး ခြင်းမရှိတဲ့၊ ဒီမိုကရေစီစနစ် မထွန်းကားသရွေ့၊ ဒီအန္တာရာယ်တွေကို ပြည်သူလူထုတွေ ကြုံတွေ့နေရလိမ့်မယ်လို့၊ အသိပေး တင်ပြအပ်ပါတယ်။

လေးစားစွာဖြင့်၊
သူရဲကောင်း။